Industry 4.0 ကို တစ်စေ့တစ်စောင်း လေ့လာကြည့်ခြင်း

ပထမ စက်မှုတော်လှန်ရေးပြီး နောက်ပိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲမှု ဖြစ်စဥ်များကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ရေနွေးငွေ့သုံး စက်ပစ္စည်းများကို အသုံးပြုခဲ့ကြရာမှ ဒစ်ဂျစ်တယ်နည်းပညာ၏ အကူအညီဖြင့် အလိုအလျောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ထုတ်လုပ်လာနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့လာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဥ်များသည်လည်း ပိုမိုရှုပ်ထွေးလာသော်ငြားလည်း ရေရှည်တည်တံ့ခိုင်မြဲလာကာ အသုံးချသူများအတွက် ပိုမိုလွယ်ကူထိ‌ရောက်စွာ ထုတ်လုပ်လာနိုင်ကြပြီ ဖြစ်ပါတယ်။ Industry 4.0 ဆိုတာက‌တော့ စတုတ္တ စက်မှုတော်လှန်ရေးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ Industry 4.0 ကို “အဖွဲ့အစည်း တစ်ခုရဲ့ အဆင့် အသစ်တစ်ခု အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုပြီး အဲ့သည့် အဖွဲ့အစည်းဟာ ထုတ်ကုန်ပစ္စည်းများရဲ့ လုပ်ငန်းစဥ် တစ်ခုလုံးကို သုံးစွဲသူ တစ်ဦးခြင်းစီရဲ့ လိုအပ်ချက်နှင့်အညီ ကိုက်ညီအောင် ကွပ်ကဲ ဆောင်ရွက် ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ဆိုပါတယ်”။ Industry 4.0 ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုးတက်လာတဲ့ နည်းပညာသစ်များကို အသုံးချပြီး IoT နှင့် ၀န်ဆောင်မှု များကို တည်ဆောက်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းစဥ်များ၊ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းစဥ်များဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဥ်များတွင် ထဲထဲ၀င်၀င် ပေါင်းစပ်ပါ၀င်လာပြီး ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ပိုမို လွတ်လပ် ထိရောက်ပြီး ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို အမြဲတမ်း ထိန်းသိမ်းထားပြီး ကုန်ကျစရိတ် သက်သာစွာ ထုတ်လုပ်လာနိုင်ပါတယ်။

Industry 4.0 မှာ ရိုးရိုးသာမာန် စက်ပစ္စည်းများကို သူတို့ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းအား ပိုမိုတိုးတက်လာစေရန်နှင့် ပတ်၀န်းကျင်နှင့် ဆက်သွယ်ချိတ်ဆက်နိုင်စေရန် ကိုယ်တိုင် အလိုအလျှောက် သိမြင်နိုင်ပြီး ကိုယ်တိုင် အလိုအလျှောက် လေ့လာနိုင်သော စက်များအဖြစ် ပြောင်းလဲပေးရမှာြဖစ်ပါတယ်။ Industry 4.0 ဟာ စက်မှု ကွန်ယက်တွေ ချိတ်ဆက်ထားသော နည်းပညာ အသုံးချ  စမတ် ကုန်ထုတ်လုပ်မှုလုပ်ငန်း လမ်းစဥ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပါတယ်။ အချိန်နှင့်တပြေးညီ အချက်အလက်များကို စောင့်ကြည့်ခြင်း၊ ထုတ်ကုန်တွေရဲ့ အခြေအနေကို ခြေရာခံခြင်း၊ ယင်းအချက်အလက်တွေပေါ် မူတည်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဥ်များကို ထိန်းညှိပေးခြင်းတို့သည် Industry 4.0 ရဲ့ အဓိက အချက်များဖြစ်ပါတယ်။ Industry 4.0 ကို စမတ်စက်ရုံလို့လည်း နောက်တစ်နည်းအားဖြင့် ခေါ် ကြပါသေးတယ်။

Industry 4.0 ခေါ် စမတ်စက်ရုံမှာ Layer လေးခုရှိပါတယ်။ အဲ့ဒါတွေကတော့ Physical Resource Layer, Industrial Network Layer, Cloud Layer နှင့် Supervision and Control Layer များဖြစ်ပါတယ်။

Physical Resource Layer

Physical Resource Layer မှာ အရာ၀တ္ထုအမျိုးမျိုးပါ၀င်ပါတယ်။ ဥပမာ – စမတ်ပစ္စည်းများ၊ စမတ်စက်ကိရိယာများ၊ smart conveyors များ ဖြစ်ပါတယ်။ သူတို့တွေဟာ industry network မှတဆင့် အချင်းချင်း ဆက်သွယ် ပူးပေါင်းဆောင်ရွက်ကာ စနစ်တစ်ခုလုံးရဲ့ ရည်မှန်းချက်ကို အောင်မြင်ရန် လုပ်ဆောင်ကြပါတယ်။ ၄င်းအရာ၀တ္ထုများဟာ ကိုယ်တိုင် စီမံခန့်ခွဲနိုင်စွမ်းနှင့် အလိုအလျှောက် ကုန်ထုတ်လုပ်မှုစနစ်များကို industrial network နှင့် intelligent negotiation mechanism ပေါ်အခြေခံကာ တည်ဆောက်ထားပါတယ်။

Industrial Network Layer

Industrial Network Layer ကတော့ အလွန်အရေးပါတဲ့ အခြေခံ အဆောက်အအုံ တစ်ခုဖြစ်ပြီး သူတို့ဟာ အရာ၀တ္ထု အချင်းချင်း ဆက်သွယ် ပေးရုံသာမကပဲ တစ်ခြား layer များဖြစ်တဲ့ physical resource layer နဲ့ cloud layer တို့ကို ချိတ်ဆက်ပေးတဲ့နေရာြဖစ်ပါတယ်။ ကြိုးမဲ့ Industrial Wireless Network (IWN) များဟာ ရိုးရိုးသာမာန် ကြိုးနှင့် ဆက်သွယ်သော network များထက် အမြဲတမ်း ပြောင်းလဲတိုးတက်နေတဲ့ စမတ်စက်ရုံတွေမှာ သာလွန်ကောင်းမွန်တာ တွေ့ရပါတယ်။ ကြိုးမဲ့ Industrial Wireless Network (IWN) များဟာ ကြိုးမဲ့ ဆက်သွယ်ရေးတွေကို လွယ်ကူအဆင်ပြေစွာ ပြောင်းလဲနိုင်တဲ့အတွက် ရွေ့လျားနေသော ယာဥ်နှင့် စက်ပစ္စည်းများကို ပိုမိုလွယ်ကူစွာပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် IWN ဟာ စမတ် စက်ရုံတွေမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

Cloud Layer

Cloud Layer ဟာ စမတ် စက်ရုံတွေကို ထောက်ပံ့ပေးနေတဲ့ နောက်ထပ်အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ Cloud ဆိုတာကတော့ လွယ်လွယ် ပြောရရင်တော့ Network Server တွေပါပဲ။ သူတို့တွေက Infrastructure-as-a-Service (IaaS), Platform-as-a-Service (PaaS), နဲ့ Software-as-a-Service (SaaS) ကဲ့သို့သော Service တွေကို ထောက်ပံ့ပေးပါတယ်။ Cloud နည်းပညာ အကူအညီနဲ့ အင်တာနက် တစ်ခုလုံးကိုတောင် အလွန်ကြီးမားတဲ့ အရင်းအမြစ် စုစည်းရာနေရာ အဖြစ် အသုံးချလို့ ရအောင် ဖန်တီးယူလို့ရပါတယ်။ ဒါ့ကြောင့် Cloud နည်းပညာက Big Data အသုံးချ နည်းပညာတွေမှာ အရေးကြီးတဲ့ နေရာလိုအပ်ချက်တွေနဲ့ ကွန်ပျူတာ စွမ်းရည် လိုအပ်ချက်တွေ အတွက် လွယ်ကူစွာ ပြုလွယ်ပြောင်းလွယ် နိုင်တဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ စမတ် စက်ရုံတွေ လည်ပတ်နေတဲ့ အချိန်တွေမှာ Data တွေ အများကြီး ထုတ်လွှတ်လာနိုင်ပြီး အဲ့ဒီ Data တွေကို Cloud ပေါ်သို့ IWN ကိုအသုံးပြုပြီး တင်ရမှာြဖစ်ပါတယ်။ အဲ့ဒီ Cloud ပေါ်က Data တွေကို Analysis လုပ်ပြီး စနစ်တခုလုံးရဲ့  စီမံခန့်ခွဲရေး၊ အလျင်မြန်ဆုံးနှင့် စွမ်းဆောင်ရည် အမြင့်ဆုံး လည်ပတ်နိုင်ရေး အတွက် ထောက့်ပံ့ပေးပါတယ်။

Supervision and Control Terminal Layer.

ဒီ Layer ကတော့ လူတွေနဲ့ စမတ် စက်ရုံတွေနဲ့ ချိတ်ဆက်ပေးတဲ့ နေရာဖြစ်ပါတယ်။ ကွန်ပျူတာတွေ၊ Tablets တွေ၊ mobile phones တွေ စတဲ့ Terminals တွေကတဆင့် လူတွေက Cloud ပေါ်က အချက်အလက်တွေကို ရယူနိုင်ပါတယ်။ အဲ့ဒီ အချက်အလက်တွေကို ရယူပြီးတော့ လိုအပ်တဲ့ Configuration တွေကို ပြင်ဆင်ခြင်း၊ Maintenance တွေပြုလုပ်ခြင်း၊ စစ်ဆေးခြင်းများကို စက်ရုံတွင် ရှိနေစရာမလိုပဲ၊ စက်ရုံရဲ့ အ‌‌‌‌ဝေး တစ်နေရာမှ နေ၍ အင်တာနက်တစ်ဆင့် ပြုလုပ်နိုင်ပါတယ်။

အခြေခံ လုပ်ငန်းဆောင်ရွက်ပုံများ

စမတ်စက်ရုံများဟာ closed-loop စနစ်မှာ လည်ပတ်နေတယ်လို့ ယူဆလို့ရပါတယ်။ ပုံမှာ တွေ့ရတဲ့အတိုင်း အလယ်က control loop က စမတ် အရာ‌‌‌‌‌ဝတ္တုများရဲ့ ကွန်ယက်ဖြစ်ပါတယ်။ သူတို့ဟာ တခြားဘယ်အရာမှ သူတို့ကို လာရောက် လွှမ်းမိုးနိုင်စွမ်းမရှိပဲ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် သူတို့မှာ ကုန်ထုတ်လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို ညှိနိုင်းဆောင်ရွက်ရန် လိုအပ်တဲ့ အသိပညာများ၊ စည်းမျဥ်းစည်းကမ်းများ ရှိပါတယ်။ ထို့အတွက်ကြောင့် စမတ် စက်ရုံများဟာ လွယ်ကူစွာ ပြောင်းလွယ်ပြုလွယ်တဲ့၊ ကုန်ထုတ်လုပ်ထုံး လုပ်နည်းများကို အလိုအလျောက် ပြန်လည်ပြင်ဆင် ဖွဲ့စည်းနိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။

စမတ် အရာဝတ္ထုများဟာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများမှ တဆင့် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းများကို ကုန်ထုပ်လုပ်မှု စနစ်တစ်ခုလုံးရဲ့ ရည်မှန်းချက်ကို ပြည့်မှီနိုင်ရန် အလိုအလျောက် ချိန်ညှိပေးပါတယ်။ စမတ်စက်ပစ္စည်းများဟာလည်း သူတို့ရဲ့ အခြေအနေနဲ့ အချက်အလက်တွေကို တခြား Sensor တွေနဲ့ ချိတ်ဆက် ဆက်သွယ်ပြီး အချိန်နှင့်တပြေးညီ လိုအပ်သလို ထိန်းညှိဆောင်ရွက်ပါတယ်။ ယင်းကဲ့သို့ စနစ်တစ်ခုလုံးဟာ ချိတ်ဆက်ပြီး ဟန်ချက်ညီညီ လုပ်ကိုင်နိုင်ရန် အတွက် Big Analytics ကကူညီပံ့ပိုးပေးပါတယ်။

Industry 4.0 ၏ လက်ရှိ စိန်ခေါ်မှုများ

နည်းပညာအသစ် ရှာဖွေတွေ့ရှိမှုဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်လျင်မြန်လာစေပါတယ်။ ယခုခေတ်ရဲ့ လျင်မြန်စွာပြောင်းလဲနေတဲ့ စျေးကွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အလိုအလျောက် တပ်ဆင်သော စက်ရုံ အလုပ်ရုံများ ပေါ်ထွက်လာကြပါတယ်။ သို့ပေမယ့်လည်း နည်းပညာသစ်ဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

  • Intelligent Decision-Making and Negotiation Mechanism: စမတ် ကုန်ထုတ်လုပ်မှု စနစ်တွင် အလိုအလျောက်ဆုံးဖြတ်နိုင်စွမ်းနှင့် အခြားအရာဝတ္ထုများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းဟာ အဓိကကျတဲ့ အချက်အလက်ဖြစ်ပါတယ်။ ဒါပေမယ့် ယခု လက်ရှိအသုံးပြုနေသော စနစ်များဟာ အလိုအလျောက်ဆုံးဖြတ်နိုင်စွမ်း မရှိကြသေးပါဘူး။
  • High Speed IWN Protocols: ယခု အသုံးပြုနေကြသော Wireless Network များဟာ စမတ် စက်မှု ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက်လိုအပ်တဲ့ Bandwidth တွေမပေးနိုင်သေးပါဘူး
  • Manufacturing Specific Big Data and Analytics: Big Data Analytics တွေမှာ အရည်အသွေးမှီ အချက်အလက်တွေကို ကုန်ထုတ်လုပ်မှု စနစ်မှ ကောက်ယူနိုင်ရန် အလွန်အရေးကြီးပါတယ်။ သို့ပေမယ့် အချက်အလက်တွေဟာ အလွန်ကွဲပြားနေပြီး အဲ့ဒီကွဲပြားနေတဲ့ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းရာ နေရာမှာ မည်ကဲ့သို့ ပေါင်းစပ်ကြမလဲဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
  • System Modeling and Analysis: System Modeling မှာ အမြဲပြောင်းလဲနေတဲ့ ညီမျှခြင်းတွေကို လျော့ချပြီး သင့်လျော်တဲ့ Model တစ်ခုကို သတ်မှတ်မှသာ self-organized ကုန်ထုတ်လုပ်မှု စနစ်ကိုတည်ဆောက်နိုင်မှာြဖစ်ပါတယ်။ ဒါပေမယ့် သုတေသနလုပ်ငန်းတွေက ယခုအထိ ရှုပ်ထွေးတဲ့ စနစ်တွေမှာပဲ ရှိနေပါသေးတယ်။
  • Cyber Security: Industry 4.0 မှာ အချက်အလက် နည်းပညာနှင့် ကွန်ယက် ချိတ်ဆက် ဆောင်ရွက်မှု များဟာ အစဥ်အမြဲ တိုးတက်နေခြင်းကြောင့် ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုများဟာလည်း သိသိသာသာ တိုးတက်နေပါတယ်။
  • Modularized and Flexible Physical Artifacts: ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရာတွင် စက်ပစ္စည်းကိရိယာများကို စုစည်းပြီး ဆုံးဖြတ်ချက်များကို ဖြန့်ကျက်ကာချကြရပါတယ်။ ထို့အတွက်ကြောင့် ကုန်ထုတ်လုပ်မှုစနစ် Configuration တွေကို အချိန်နှင့်တပြေးညီ ပြောင်းလဲနိုင်တဲ့ Modularized နှင့် စမတ် သယ်ဆောင်မှု စနစ်တွေကို တည်ဆောက်ရမှာြဖစ်ပါတယ်။
  • Investment Issues: ရင်းနှီးမြှုပ်နှံမှုပြဿနာကတော့ ကုန်ထုတ်လုပ်ငန်း နည်းပညာအသစ် အစပျိုးချိန်တွေမှာ တွေ့ရ‌လေ့ရှိပါတယ်။ အသေးစားနှင့် အလတ်စား လုပ်ငန်း SME တွေမှာ Industry 4.0 အကောင်အထည်ဖော်ဘို့ သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ Industry 4.0 ရဲ့ လိုအပ်ချက်များအားလုံးကို ပြီးပြည့်စုံအောင် အကောင်အထည်ဖော်မှုအတွက် စက်မှုလုပ်ငန်းများတွင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ လိုအပ်ပါတယ်။